International News

စင်ကာပူအလုပ်သမားဝန်ကြီးဌာနကကုမ္ပဏီများ၏ အလုပ်အကိုင်ခန့်ထားမှုများတွင် မျှတမှုမရှိသော ဆောင်ရွက်ချက်အပေါ် ပြစ်ဒဏ်တိုးမြှင့်

Last Updated:

       အလုပ်အကိုင်ခန့်ထားမှုနှင့်ပတ်သက်၍ စင်ကာပူနိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံမှု များပြုလုပ်သော လုပ်ငန်းရှင်များအား တားမြစ်ကာလအတွင်း လက်ရှိခန့်ထားသော နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်လုပ် ကိုင်ခွင့် သက်တမ်းတိုးလျှောက်ထားမှုများကိုပါ ခွင့်ပြုပေးမည်မဟုတ်ကြောင်း ၁၄-၁-၂၀၂၀ ရက်နေ့တွင် စင်ကာပူ အလုပ်သမားဝန်ကြီးဌာနက ပြောကြားထားပါသည်။

          ထို့ပြင် ခွဲခြားမှုပြုလုပ်သောလုပ်ငန်းရှင်များသည် နိုင်ငံခြားသားအလုပ်သမားများ ခန့်ထားရန်အတွက် အလုပ်လုပ်ကိုင်ခွင့်အသစ်များကိုယခင်ကတားမြစ်ချက် အနည်းဆုံး ၆ လ ထက်ပိုမို၍ ယခုအခါ အနည်းဆုံး ၁၂ လအထိ လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း၊ ပိုမိုဆိုးဝါးသောအမှု ဖြစ်ပါက ၂၄ လအထိ တားမြစ်ထားနိုင်ကြောင်း၊ အလုပ် အကိုင်ခန့်အပ်ရာတွင် စင်ကာပူနိုင်ငံသား များအား ခွဲခြားမှုပြုလုပ်ခြင်းအပေါ် ကြီးကြပ်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် Fair Consideration Framework (FCF) ကိုစတင်ကျင့်သုံးခဲ့ပြီး၊ ယခုအခါ ယင်းမူဘောင်အရ ပြစ်ဒဏ်များကို တိုးမြှင့် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ အလုပ်ရှင်များသည် စင်ကာပူဒေါ်လာ ၁၅,၀၀၀ အောက် လစာရရှိမည့် အလုပ်အကိုင်များ ကိုခန့်ထားမည်ဆိုပါက နိုင်ငံခြားသားများအတွက် အလုပ် လုပ်ကိုင်ခွင့်လျှောက်ထားခြင်းမပြုမီ အမျိုးသား အလုပ် အကိုင်ဘဏ်ဖြစ်သော “My CareersFuture.sg” တွင် အနည်းဆုံး ၁၄ ရက် ထည့်သွင်းကြော်ငြာပေးရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ယခင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းအလုပ်အကိုင်ခန့်အပ်ရာတွင် ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ တိုင်ကြားမှုပေါင်း ၂၀၀၀ ခန့် လက်ခံရရှိခဲ့ပြီး၊ တိုင်ကြားမှု ၆၈၀ ကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ကုမ္ပဏီပေါင်း ၂၈၀ ကိုနိုင်ငံခြားအလုပ်သမားငှားရမ်းခန့်ထားခြင်းမှ တားမြစ်ခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။        ။ The Business Times/ The Straits Times

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

Category: International News